Archive

Author Archive

ဗဟိုအောင်နိုင်ရေး အဖွဲ့ အင်န်အယ်လ်ဒီ ဖွဲ့စည်း

December 5, 2011 Leave a comment

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ၂၁ ဦးပါဝင်တဲ့ ဗဟိုအောင်နိုင်ရေး အဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

AFP

၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်ဌာနချုပ်ရုံးတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်မြောက် အခမ်းအနားတွင် လက်ချင်းချိတ်ဆက်ထားသော NLD အဖွဲ့ဝင်များ ဖြစ်ပါသည်။

အဲဒီကော်မတီမှာ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက တာဝန်ခံ အဖြစ် ဆောင်ရွက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဥာဏ်ဝင်း၊ ဦးအုံးကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာ မေဝင်းမြင့်၊ ဦးဝင်းထိန်၊ ဦးသိန်းဦး၊ ဒေါ်ခင်ဌေးကြွယ်၊ မဖြူဖြူသင်းတို့ အပါအ၀င် အဖွဲ့ဝင် ၂၁ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ဗဟိုအောင်နိုင်ရေး အဖွဲ့ အနေနဲ့ လိုအပ်တဲ့ တခြား ကော်မတီတွေလည်း ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။

ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်တွေမှာ အောင်နိုင်ရေး အဖွဲ့  အဆင့်ဆင့် ဖွဲ့စည်းဖို့ တာဝန်ခံ ဦးတင်ဦး လက်မှတ် ရေးထိုးထားတဲ့ ညွှန်ကြားလွှာ တစ်စောင်ကိုလည်း ထုတ်ပြန်လိုက် ပါတယ်။

အောင်နိုင်ရေး အဖွဲ့တွေကို အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ အများ လေးစားတဲ့ ပုဂ္ဂိုလ်တွေ၊ တတ်သိ ပညာရှင်တွေ၊ နိုင်ငံရေး အစဉ်အလာ ရှိသူတွေ၊ တိုင်းရင်းသား လူမျိုးစုတွေ၊ လူငယ်တွေနဲ့ ဖွဲ့စည်းမယ်လို့ သိရပါတယ်။ ခရိုင် စည်းရုံးရေး ကော်မတီတွေ ဖွဲ့စည်းထားတာ မရှိတဲ့ အတွက် ခရိုင် အောင်နိုင်ရေး အဖွဲ့ ဖွဲ့ဖို့ မြို့နယ်တွေနဲ့ ညှိနှိုင်းဖို့ စီစဉ်ရတယ်လို့ သိရပါတယ်။

အခုအခါ အဖွဲ့ချုပ်ရဲ့ အလံ၊ တံဆိပ် စတာတွေလည်း ရွေးချယ်ပြီးသွားပြီလို့ ဦးအုံးကြိုင်က ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဆီက မှတ်ပုံတင်ခွင့် ပြုကြောင်း အကြောင်းကြားစာ မရသေးပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အစစ အရာရာ အဆင်သင့် ဖြစ်နေပြီလို့ အင်န်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ဆိုပါတယ်။

Categories: News

အာဏာပိုင်တွေ ကိုယ်တိုင် ဥပဒေတွေ လိုက်နာဖို့

December 5, 2011 Leave a comment

ပြဋ္ဌာန်းပြီး ဥပဒေတွေကို အာဏာပိုင်တွေ ကိုယ်တိုင် လေးစား လိုက်နာ အကောင်အထည် ဖေါ်ဖို့ တိုင်းရင်းသား လွှတ်တော် အမတ်တွေ ကြိုးစားနေကြောင်း ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်က အာရ်အက်ဖ်အေကို ပြောပါတယ်။

(Photo Courtesy of RNDP)

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ စစ်တွေမြို့နယ် ရုံးဖွင့်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo Courtesy of RNDP)

အထူးသဖြင့် ရခိုင်ပြည်နယ်က ထုတ်ပယ်ခံရတဲ့ လွှတ်တော်အမတ် တစ်ဦးရဲ့ အယူခံနဲ့ ပတ်သက်လို့ လာမယ့် ဒီဇင်ဘာ ၉ ရက် တရားလွှတ်တော်ချုပ်ရဲ့ အဆုံးအဖြတ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ ဆိုတာ ပထမဆုံး အကြိမ် တရားဝင် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းလောက်က တိုင်းရင်းသား ရေးရာ ၀န်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်ဟာ နိုင်ငံရဲ့ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ကွဲလွဲနေတာမို့ ပြင်ဆင် ပြဋ္ဌာန်းပေးဖို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးရဲ့ လျှောက်ထား တင်ပြချက်ကို နေပြည်တော် အခြေခံ ဥပဒေ ခုံရုံးက ကြားနာ စစ်ဆေးခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အတိုင်း တရားရုံးချုပ် ကိုယ်တိုင် လိုက်နာဖို့ တိုင်းရင်းသား လွှတ်တော်အမတ်တွေ အခြေခံဥပဒေ ခုံရုံးမှာ လျှောက်ထားတဲ့ အကြောင်း မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Categories: News

မိတ်ဆွေများ ၁၀ ပါတီနဲ့ ကြံ့ခိုင် ဖွံဖြိုးရေးပါတီ ဆွေးနွေး

December 5, 2011 Leave a comment

မိတ်ဆွေများ ၁၀ ပါတီနဲ့ ရန်ကုန်တိုင်း ကြံ့ခိုင် ဖွံဖြိုးရေး ပါတီက ဦးအောင်သိန်းလင်းတို့ မနေ့က တွေ့ဆုံ ဆွေးနွေးကြပြီး “လွှတ်တော်ပြင်ပ နိုင်ငံရေး” မှာ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

မြန်မာ စစ်အစိုးရက ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေ (တိုက်ပုံဖြင့်) နှင့် ပါတီဝင်များ ရန်ကုန်မြို့အနီး ရွာတခုတွင် အောက်တိုဘာ ၅ ရက်နေ့က မဲဆွယ် စည်းရုံးရေးဆင်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)

 

မနေ့က အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက ပါတီ အကျိုးစီးပွားထက် နိုင်ငံအကျိုးကို ရှေးရှုပြီး ဘယ်ပါတီနဲ့ မဆို ပူးပေါင်း ဆောင်ရွက်သွားမယ် ဆိုတဲ့ သဘောထား အရ ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း အာရ်အက်ဖ်အေကို ပြောပါတယ်။

 

ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေထဲမှာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကိစ္စလည်း ပါဝင်ပြီး အဲဒီ ကိစ္စကို ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်တွေ အစည်းအဝေးမှာ တင်ပြမယ်လို့ ဦးအောင်သိန်းလင်းက ကတိပေးခဲ့ကြောင်း သိရပါတယ်။
 
ဒါ့အပြင် လွှတ်တော် အတွင်း ဥပဒေပြုရေး ကိစ္စတွေမှာ ပါတီ အချင်းချင်း နားလည်မှု မရှိတဲ့ အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက တင်သွင်းခဲ့တဲ့ လယ်ယာမြေ ပြုပြင်ရေး ဆိုင်ရာ ဥပဒေမှာ သဘောထား ကွဲလွဲပြီး အဲဒီဥပဒေကို ဆိုင်းငံ့ထားရတယ်လို့ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။ ပါတီတွေချင်း လွှတ်တော် ပြင်ပမှာလည်း ဆွေးနွေးကြမယ် ဆိုရင် အရေးကြီးတဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ တင်သွင်းတဲ့ အခါ ကြိုတင် ညှိနှိုင်းမှုတွေ ရှိလာမယ်လို့ ဆိုပါတယ်။
Categories: News

ကိုပြည့်ဖြိုးတေဇ အယူခံလွှာ အနိုင်ရ

December 5, 2011 Leave a comment

ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူထားတာကို ဖယ်ရှားပေးဖို့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇရဲ့ သားအကြီး ကိုပြည့်ဖြိုးတေဇရဲ့ အယူခံလွှာကို ဥရောပ သမဂ္ဂ တရားရုံးက နိုဝင်ဘာလ ၂၉ ရက်က အနိုင်ပေးလိုက်ပါတယ်။

(Photo: AFP)

ပုဂ္ဂလိကပိုင် အဲယား ပုဂံကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇကို ၎င်း၏ လေကြောင်းလိုင်းအတွက် မှာယူထားပြီး ၂၀၀၇ ဇန်နဝါရီ ၂၂ ရက်က ရန်ကုန် မင်္ဂလာဒုံ လေဆိပ်သို့ ဆိုက်ရောက်လာသည့် အဲယားဘတ်စ် A300-200 လေယာဉ်ကြီးရှေ့တွင် ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

 

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ချိုးဖေါက်နေတဲ့ စစ်အစိုးရနဲ့ ရောထွေး ယှက်တင် ပါဝင် ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဦးတေဇနဲ့ မိသားစုကို ဥရောပ သမဂ္ဂ အီးယူက စီးပွားရေး ပိတ်ဆို့ အရေးယူထားပါတယ်။ 

ဒါကြောင့် ဦးတေဇနဲ့ မိသားစုဟာ အီးယူနိုင်ငံတွေမှာ ခရီးသွားခွင့်၊ ပညာသင်ယူခွင့် ပိတ်ပင်ခံထားရပါတယ်။ ဒါပေမယ့် ဦးတေဇရဲ့ သားကြီး ကိုပြည့်ဖြိုးတေဇက သူ့ကို ပိတ်ဆို့ အရေးယူထားတာနဲ့ ပတ်သက်လို့ အီးယူ တရားရုံးမှာ အယူခံ တင်ခဲ့ပါတယ်။ 

အခုလို ကိုပြည့်ဖြိုးတေဇကို အနိုင်ပေးလိုက်တဲ့ အပေါ် အလွန်ပဲ စိတ်ပျက်မိတယ်လို့ ဗြိတိန် အခြေစိုက် UK Campaign for Burma ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။ 

အမှုမှာ အနိုင်ရပေမယ့် ဦးတေဇတို့ မိသားစုဟာ အစိုးရ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ စီးပွားရေး အသိုင်းအ၀ိုင်းထဲက ဖြစ်တာကြောင့် မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ ၀ိုင်းဝန်း ကန့်ကွက်မှုကိုတော့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ Mr. Farmaner ကဆိုပါတယ်။”တကယ်လို့ ကိုပြည့်ဖြိုးတေဇ ဥရောပနိုင်ငံတွေကို ရောက်လာတဲ့ သတင်း ကြားတာနဲ့ သူသွားမယ့် နေရာတွေကို လိုက်ပြီး ဆန္ဒပြ ကန့်ကွက်ကြမယ့် ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွတဲ့ မြန်မာတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်တော် အသေအချာ ပြောနိုင်ပါတယ်။ ကိုပြည့်ဖြိုးတေဇ အမှုကို တရားရုံးက အနိုင်ပေးလိုက်ပေမယ့် ကိုယ်ကျိုးရှာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးရဲ့သားအနေနဲ့ ဥရောပမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်လိမ့်မယ်လို့ မယူဆသင့်ဘူး” လို့ Mark Farmaner က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက ကိုပြည့်ဖြိုးတေဇ လျှောက်ထားတဲ့ အမှုကို ဥရောပ သမဂ္ဂ တရားရုံးက ပယ်ချခဲ့ပြီး တရားရုံး ကုန်ကျစရိတ် အားလုံး ဥရောပသမဂ္ဂ ကောင်စီကို ပေးဆောင်ဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။

အဲဒီစီရင်ချက်ကို ကိုပြည့်ဖြိုးတေဇက အယူခံတင်ခဲ့ပြီး မိမိဟာ အရင် စစ်အစိုးရ အဖွဲ့ဝင် မဟုတ်သလို စစ်အစိုးရနဲ့လည်း ဆက်စပ်မှု မရှိကြောင်း ချေပခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အစိုးရ စီမံ အုပ်ချုပ်ရေး ယန္တရားကနေ အကျိုးကျေးဇူး တစ်စုံတစ်ရာ မခံစားခဲ့ရကြောင်း ခုခံချေပ လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

Categories: News

နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးခင် ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေ ပြန်လွှတ်ပေး

December 5, 2011 Leave a comment

မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာ မယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ချစ်ကြည်ရေးခရီးစဉ် ကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ် ကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ယောက်ကို မြန်မာ အာဏာပိုင်တွေက ပြစ်ဒဏ်တွေ လျှော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ နှစ်နိုင်ငံ ချစ်ကြည်ရေး အရရော၊ လူမှုရေးအရ ငဲ့ညှာတဲ့အနေနဲ့ပါ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း ဒီနေ့ထုတ် မြန်မာအစိုးရ သတင်းစာ တွေမှာ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖွယ်ရှိတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အများ မျှော်လင့်သလို ဖြစ်မလာ ခဲ့ပါဘူး။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ် မတိုင်ခင် အခုလို ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေကို ပြန်လွှတ်လိုက် တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ပြန်လွှတ်ပေးသလို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေကို လည်း လွှတ်ပေးသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင် အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ဒါဟာ Ms. Khaleda Zia ဝန်ကြီးချုပ်ဘဝနဲ့ မြန်မာနိုင်ငံကို ၂ဝဝ၃ ခုနှစ်က ရောက်ရှိလာပြီး နောက် ၈ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခေါင်းဆောင်တဦးရဲ့ မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။

မြန်မာ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စိုးဝင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့လက သွားရောက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ချစ်ကြည်ရေး ခရီးစဉ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း နှစ်နိုင်ငံဆက်ဆံရေးမှာ သတိ ထားစရာ လူဝင်လူထွက် ကိစ္စတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။

 

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
Categories: News

မြန်မာ့သဲ စင်္ကာပူ ပြန်လည် စုပ်ယူနေ

December 5, 2011 Leave a comment

မြန်မာ့ရေပိုင်နက်အတွင်း ဆလုံကျွန်း အရှေ့ဘက်၊ သူဌေးကျွန်း အနောက်ဘက်၊ ခရုကျွန်း အရှေ့ဘက်နဲ့ သိရိမြိုင် အရှေ့ရပ်ကွက်တွေမှာ စင်္ကာပူ သဲစုပ်သင်္ဘောတွေ ပြန်ရောက်လာပြီး သဲတွေ တိတ်တဆိတ် စုပ်ယူနေကြောင်း သိရပါတယ်။

စင်္ကာပူ သဲတူးသင်္ဘောတွေဟာ သဲတွေ အဆမတန် စုပ်ယူခဲ့တဲ့ အတွက် ကော့သောင်းမြို့နယ်တဝိုက် ကမ်းပါးတွေပြို သဲသောင်တွေ နည်းပါးလာတာကြောင့် ကော့သောင်းမြို့ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကွန်ရက်အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဒေသဆိုင်ရာ အာဏာပိုင်တွေထံ စာရေးသား ပေးပို့ခဲ့ပြီးတဲ့နောက် သဲတူးသင်္ဘော ကုမ္ပဏီတွေ ၂ လနီးပါး သဲစုပ် ရပ်ဆိုင်းသွားခဲ့ပါတယ်။

ဒါပေမယ့် နိုဝင်ဘာ လကုန်ပိုင်းက စပြီး စင်္ကာပူ သဲတူးသင်္ဘောတွေ ပြန်ရောက်လာပြီး အခုလို သဲတွေ တိတ်တဆိတ် စုပ်ယူနေတာပါ။

ဒီအကြောင်း အာအက်ဖ်အေ သတင်းထောက် မရွှေစင်က သတင်း ပေးပို့ထားပါတယ်။

 

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
Categories: News

ကချင်ပြည်နယ်မှာ စစ်မီးငြိမ်းဖို့ အလှမ်းဝေးနေဆဲ

December 5, 2011 Leave a comment

ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာ အစိုးရက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို ကတိပေး ပြောဆိုခဲ့ပေမယ့် ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

Map: RFA

မြန်မာနိုင်ငံ၏ မြောက်ဖက်ဆုံးတွင် တည်ရှိသော ကချင်ပြည်နယ်သည် အင်အားကြီး အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပါသည်။ (Map: RFA)

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ KIO အဖွဲ့ ကိုယ်စားလှယ်တွေ နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ကြပေမယ့် အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဘက် သဘောတူညီချက် ရရှိဖို့ အခြေအနေ ဝေးနေသေးတယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောပါတယ်။

“ဗဟိုဌာနချုပ်နဲ့ နီးတဲ့ ဒီခွင်ထဲမှာ မနေ့က တကြိမ်ဖြစ်တယ်။ တပ်မဟာ (၃) မိုင်ဂျာယန်ခွင်မှာလည်း ပြင်းပြင်းထန်ထန် ဖြစ်တယ်။ မိုင်ဂျာယန်ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမယ့် လက်နက်ကြီးသံတွေ အတိုင်းသား ကြားနေရတယ်”

လက်ရှိ KIO ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ စစ်ပြေးဒုက္ခသည်ဦးရေ တနေ့ထက် တနေ့ တိုးပွားလာနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ဒုက္ခသည် အရေအတွက် ၃ သောင်းလောက် ရှိရာကနေ ဒီဇင်ဘာ လဆန်းပိုင်းမှာ ၃ သောင်း ၄ ထောင်ကျော် ရှိသွားပြီလို့ ဦးလနန်က ပြောပါတယ်။

ကချင်ပြည်နယ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် အစိုးရနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ KIO အနေနဲ့ အဓိက လိုလားကြောင်းလည်း ဦးလနန်က ဆိုပါတယ်။

“သူတို့ရဲ့ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း ပြောတဲ့အထဲမှာ ဒီလိုမျိုး ထပ်ခါတလဲ တွေ့ဆုံရမယ့်အကြောင်း ပါတယ်။ အဲဒီလို တွေ့တဲ့အခါမှာ ကျနော်တို့ဘက်က အဖွဲ့တွေကလည်း ဒီကိစ္စတွေကို ငြင်းချက်ထုတ်တာတွေ ဘာမှ မလုပ်ခဲ့ဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် နောက်နောင်လည်း သူတို့ အစိုးရဘက်က ကမ်းလှမ်းဖို့ ရှိလာရင်လည်း ကျနော်တို့ဘက်ကလည်း တွေ့ဖို့ အဆင်သင့်ပါ”

ဒီလလယ်ပိုင်းမှာ ပြည်ထောင်စုတပ်မတော် Union Army ဖွဲ့စည်းထူထောင်မယ့် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့လည်း ပါဝင်ပါတယ်။ ပြည်ထောင်စု တပ်မတော်ဟာ အခု နှစ်ဆန်းပိုင်းက ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ရဲ့ ဦးဆောင်မှုအောက်မှာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Categories: News

RSF ရဲ့ သတင်းမီဒီယာဆု စာရင်းမှာ Eleven Media Group ပါဝင်

December 5, 2011 Leave a comment

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကနေ ၂ဝ၁၁ ခုနှစ်အတွက် တနှစ်တာ အကောင်းဆုံး သတင်းထောက်ဆု ချီးမြှင့်မယ့် အမည်စာရင်းမှာ မြန်မာနိုင်ငံက Eleven Media Group ပါဝင်တယ်လို့ သိရပါတယ်။

snapshot/eversion.news-eleven.com

Eleven Media Group မှ ထုတ်ဝေသည့် Eleven News အွန်လိုင်းမီဒီယာ။

ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ဆုပေးပွဲအတွက် Eleven Media Group က Weekly Eleven News ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးနဲ့ Premier Eleven Sports ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွတ်ဝင်းတို့ဟာ ဒီကနေ့ ရန်ကုန်မြို့ကနေ ပြင်သစ်နိုင်ငံကို လေကြောင်းနဲ့ ထွက်ခွာသွားပြီလို့ Weekly Eleven News မှာ ဖော်ပြထားပါတယ်။

RSF က ချီးမြှင့်မယ့် ဆုတွေကတော့ တနှစ်တာ အကောင်းဆုံးသတင်းထောက်ဆု၊ သတင်းမီဒီယာဌာနဆုနဲ့ အွန်လိုင်းမီဒီယာဆုတို့ ဖြစ်တယ်လို့ သိရပါတယ်။

Categories: News

မြို့နယ် ၃ ရာကျော်မှာ NLD ရုံးတွေ ပြန်ဖွင့်မည်

December 5, 2011 Leave a comment

ရွေးကောက်ပွဲကော်မရှင်က ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ၁၉၈၈- ၈၉ ခုနှစ် ပါတီ တည်ထောင်ခဲ့စဉ် ကာလအတိုင်း မြို့နယ်တိုင်းမှာ စည်းကော်မတီ နဲ့ ရုံးခွဲတွေ ပြန်ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

(Photo: AFP)

‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ…’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။

“မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ၊ ရုံးတွေ ရှိတယ်။ ဒါပေမယ့် အဲဒီ နောက်ပိုင်းကျတော့ အမျိုးမျိုး နှိပ်ကွပ်ခံရတာနဲ့၊ အချင်းချင်းထဲမှာ ဟိုဟာ မဖြစ်တာနဲ့၊ နောက် မြို့နယ်တချို့က ဆိုင်းဘုဒ်တွေဘာတွေ ပြုတ်ကျ ဆိုတာနဲ့ ရုံးတွေ မဖွင့်နိုင်တော့တာ။ အခု ပြန်ပြီး စည်းရုံးမယ်ဆိုရင် ရည်ရွယ်ထားတာတော့ မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ ဖွဲ့နိုင်အောင် ကြိုးစားဖို့ ရည်ရွယ်ထားတယ်။ မြို့နယ်ပေါင်းက တပြည်လုံးမှာ ၃၁၄ မြို့နယ်၊ အခု ထပ်ပြီး ပြင်ဆင်တာနဲ့ဆိုရင် ၃၂ဝ ကျော်မယ် ထင်တယ်”

တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရတာနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေ အများအပြား ရှိနေတာကြောင့် အခုကတည်းက ကြိုတင်စီမံထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

NLD အနေနဲ့ ပါတီဝင်လျှောက်လွှာ ၁ သန်းကိုလည်း ရိုက်နှိပ်ပြီး တနိုင်ငံလုံးအနှံ့ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်တာနက်အွန်လိုင်းက တဆင့်လည်း လျှောက်လွှာတင်နိုင်အောင် စီစဉ်နေတယ်လို့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ ထုတ်ဖော် ပြောဆိုသွားပါတယ်။

Categories: News

တိုင်းရင်းသားတွေ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းမည်

December 5, 2011 Leave a comment

ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC က ပြည်ထောင်စု တပ်မတော်တရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်ကနေ ၃ဝရက်နေ့ထိ ထိုင်းမြန်မာ နယ်စပ်တနေရာမှာ ကျင်းပခဲ့တဲ့ UNFC အစည်းအဝေးကနေ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အသစ်ဖွဲ့မယ့် ပြည်ထောင်စုတပ်မတော်ရဲ့ ကာကွယ်ရေးကော်မီတီဝင် KNU ဒု-ဥက္ကဋ္ဌ စောဒေးဗစ်တာကပေါ က ပြောပါတယ်။

“ပြည်နယ် တပြည်နယ်၊ သို့မဟုတ် အခုအဆင့်မှာ ဆိုရင်တော့ အဖွဲ့တဖွဲ့က တရာဆိုရင်လည်းတရာ၊ တထောင်ဆိုရငလည်း တထောင်ပေါ့ ပြည်ထောင်စုတပ်ကို ပို့ပေးမယ်။ ပြည်နယ်မှာလည်း သူ့တပ်သူ ရှိမယ်လေ။ ပြည်ထောင်စုတပ်ကတော့ တပြည်လုံး အတိုင်းအတာနဲ့ စစ်ရေးတာဝန်ကို ထမ်းဆောင်ရမယ်။ အစတည်းက ဒီရည်ရွယ်ချက်ရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုတပ်ကြီး ဖွဲ့မယ်ဆိုရင် ဦးသိန်းစိန်တို့ပဲဖြစ်ဖြစ် နအဖ ပဲဖြစ်ဖြစ် နည်းနည်း တွန့်ဆုတ်သွားမလား ဆိုပြီး နည်းနည်း စောင့်ကြည့်နေတာ။ အခုဟာက အပစ်အခတ် ရပ်ပါ ရပ်ပါ ပြောတာကို မရပ်တဲ့အခါကျတော့ ကျနော်တို့အနေနဲ့ ရှေ့ရေးလည်း ပြင်ဆင်ရမယ်၊ ဆက်လုပ်ရမယ်ဆိုတဲ့ သဘော”

ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးကိစ္စကို UNFC ကောင်စီထဲမှာ ပါတဲ့ ၁၂ ဖွဲ့စလုံးက သဘောတူတယ်လို့ သိရပါတယ်။

ပြည်ထောင်စု စစ်တပ်နဲ့ ပတ်သက်ပြီး တပ်ဖွဲ့စည်းပုံကို အကြမ်းဖျင်း ရေးဆွဲထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အစောပိုင်းမှာတော့ ပြည်ထောင်စုစစ်တပ်ရဲ့ စစ်ဦးစီးချုပ်အဖြစ် KNU က ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကို ရည်ရွယ်ထားခဲ့ပြီး အသက်အရွယ် အရရော အလုပ်တာဝန် များပြားတာကြောင့် သူက ငြင်းပယ်ခဲ့တဲ့အတွက်  အခုတော့ စစ်ဦးစီးချုပ် အသစ်တဦးကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် KNPP ကရင်နီတပ်က စစ်ခေါင်းဆောင်တဦး ဖြစ်သူ ဗိုလ်ချုပ်ဘီတူးကို လျာထားတယ်လို့လည်း သိရပါတယ်။

Categories: News
Follow

Get every new post delivered to your Inbox.