Archive

Author Archive

လွတ်လပ်စွာ ဆန္ဒပြခွင့် ဥပဒေပြဌာန်း

December 5, 2011 Leave a comment

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၁၅) ကို ဒီကနေ့ ပြဌာန်းလိုက်ပါတယ်။

ဒီဥပဒေသစ်အရ ဆန္ဒပြလိုသူတွေဟာ ရဲအဖွဲ့မှာ ၅ ရက်ကြိုတင် ခွင့်ပြုချက် လျှောက်ထားရမှာ ဖြစ်ပြီး လျှောက်တဲ့အခါမှာ ဆန္ဒပြမယ့်သူ ဦးရေ၊ ဆန္ဒပြလိုတဲ့ ရည်ရွယ်ချက် စတာတွေကိုပါ ထည့်သွင်းဖောပြပြီး လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီဥပဒေ ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်း က RFA ကို အခုလို ပြောပြပါတယ်။

“ယခင်က မရဖူးတဲ့ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပေါ့ဗျာ။ ဟိုတုန်းက ငါးယောက်ထက် စုဝေးခွင့် မရှိ ဆိုတဲ့ ရာဇသတ်ကြီး ဥပဒေနဲ့စာရင်တော့ ငါးယောက်မက စုဝေးနိုင်တယ်ဆိုတဲ့ အခွင့်အလမ်းတော့ ရှိတာပေါ့။ ဒါပေမယ့် တဖက်ကလည်း လျှောက်ထားလာတဲ့ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ကို ငြင်းပယ်နိုင်တယ် ဆိုတဲ့ အကြောင်းပြချက်ကိုလည်း ပေးထားပြန်တော့ ဒါတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကန့်သတ်ချုပ်ချယ်ထားတဲ့ မူတရပ်လို့ပဲ ပြောချင်ပါတယ်”

ဒီဥပဒေ ကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ ဦးအောင်သိန်းက အခုလိုပြောပါတယ်။

“ငါးရက်ကြိုတင် လျှောက်ရမှာတို့၊ လူဦးရေစာရင်း ဖော်ပြရမှာတို့၊ ပြောမယ့်ဟောမယ့်သူနဲ့ လျှောက်ထားသူရဲ့ ကိုယ်ရေးရာဇဝင်တွေ ပေးရမှာတို့ ဆိုတာတွေဟာ ဒီမိုကရေစီ နိုင်ငံတွေမှာတော့ အဲဒါတွေဟာ ကျင့်စဉ်တခုအနေနဲ့ ရှိနေသလားတော့ မသိဘူးပေါ့။ အဲဒီဟာတွေကို ကျနော်တို့က အတုယူပြီးလုပ်တာလား ဒါမှမဟုတ် အဲဒီ ဒီမိုကရေစီ နိုင်ငံတွေမှာ မရှိတဲ့ဟာတွေကို လုံခြုံရေးအခြေခံကို အဓိက ထားပြီးတော့ စည်းမျဉ်းဥပဒေ ရေးဆွဲတဲ့သဘောလားတော့လည်း မပြောနိုင်ဘူးပေါ့”

Categories: News

NDF ပါတီဝင် အမြောက်အမြား မိခင်ပါတီ NLD ကို ပြန်မည်

December 5, 2011 Leave a comment

ပျော်ဘွယ်မြို့နယ် NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဝင် ၅ ဦးဟာ အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်စာ တွေကို မြို့နယ်ကော်မရှင်ရုံးနဲ့ မန္တလေးတိုင်း ဒေသကြီး NDF ရုံးတွေကို နိုဝင်ဘာလ ၃ဝ ရက်နေ့က ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။

(Photo: AFP)

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပဲခူးတိုင်း ဒေသကြီး ပါတီ ရုံးခွဲ ဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

နှုတ်ထွက်စာတင်တဲ့ ပျော်ဘွယ်မြို့နယ် NDF အဖွဲ့ဝင် ၅ ဦးကတော့ ဦးခင်အောင် (ဥက္ကဋ္ဌ)၊ ဦးဇော်မင်း (အတွင်းရေးမှူး)၊ ဦးထွန်းထွန်းဝင်း (တွဲဘက် အတွင်းရေးမှူး)၊ ဦးကျော်စွာ (ဘဏ္ဍာရေးမှူး) နဲ့ ကိုချမ်းမြေ့ပိုင် (လူငယ်တာဝန်ခံ) တို့ ဖြစ်ပါတယ်။

အခုလို အစုလိုက်အပြုံလိုက် နှုတ်ထွက်ကြတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း စည်းရုံးရေးကော်မီတီ ဥက္ကဋ္ဌနဲ့ ဗဟို အလုပ်အမှုဆောင် ဒု-ဥက္ကဋ္ဌ ဒေါက်တာလှစိုးညွန့်ကို အာအက်ဖ်အေက မေးမြန်းရာမှာ

“ကျနော်တို့ မန္တလေးတိုင်း NDF ကိုတော့ စာပို့တာပြုတာတော့ ရောက်မလာသေးဘူး။ ဘာမှ မသိရသေးဘူး။ ကျနော်တို့ ပါတီထဲမှာတော့ ဘယ်သူမဆို ပါတီထဲကို ဝင်တာထွက်တာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာတော့ မရှိဘူးခင်ဗျ။ သူတို့ရဲ့ သဘောအလျောက် ပါတီဝင်ချင်တယ်ဆိုရင်လည်း ကျနော်တို့ ခွင့်ပြုပါတယ်။ တခြားနိုင်ငံရေးပါတီတွေထဲမှာ အလုပ်ချင်တယ်၊ ဝင်ချင်တယ်ဆိုလည်း ကျနော်တို့က ခွင့်ပြုပါတယ်”

ပဲခူးတိုင်း NDF ပါတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက သူ့ရဲ့အမြင်ကို ပြောပါတယ်။

“ဒီလူတွေက NLD ကလူတွေ ဖြစ်နိုင်တယ်။ NLD က အခု ရွေးကောက်ပွဲဝင်မယ်၊ မှတ်ပုံတင်တယ်ဆိုတော့ ပြန်လည်ပေါင်းစည်းရေးကို လုပ်ချင်တဲ့သဘောနဲ့ လုပ်တာ ဖြစ်မယ်လို့ ထင်တယ်။ ကျနော်တို့လည်း အဲဒီလို အယူအဆ ရှိနေတယ်လေ၊ ဒါပေမယ့် ဒေါက်တာသန်းငြိမ်းတို့ ဦးခင်မောင်ဆွေတို့ ဆိုတာလည်း တကယ့် နိုင်ငံရေးပုဂ္ဂိုလ်ဟောင်းတွေပဲလေ။ NLD မှာ အကြာကြီး လုပ်ခဲ့ပြီး ထောင်လည်း ၂၇ နှစ်ကျခဲ့တဲ့ အခါကျတော့ သူတို့ကိုလည်း တော့ ပေးရမယ်။ ကျနော်ကလည်း လက်ရှိ ပဲခူးတိုင်းဥက္ကဋ္ဌ နေရာယူထားတော့ ကျနော် ရုတ်တရက် ထွက်လိုက်ရင် သူတို့ စိတ်တွေ အရမ်းပျက်မှာလည်း စိုးရိမ်တော့။ ကျနော့်သဘောထားကတော့ ကဲ ဟုတ်ပြီ၊ အန်ကယ်တို့ NLD စီအီးစီ သို့မဟုတ် အန်တီနဲ့ ရှေ့မှာ ဘာတွေ ပြောဆိုဆွေးနွေးဖို့ ရှိလဲဆိုတာ မေးပြီးတော့မှ ဘယ်လိုလုပ်ရမလဲ ပြန်စဉ်းစားမယ်”

အရင်က NLD ပါတီဝင်ဟောင်းတွေ ဖြစ်ခဲ့တဲ့ NDF ပါတီဝင် အများအပြားဟာ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ NLD ပါတီနဲ့ ပြန်လည်ပူးပေါင်းဖို့ ဆန္ဒရှိနေကြတယ်လို့ သိရပါတယ်။

Categories: News

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အသက် ၉၂ နှစ် ပြည့်ပြီ

December 5, 2011 Leave a comment

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာပြည် အင်္ဂလိပ်ကျွန်ဘဝ ကနေ လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံကို လျှို့ဝှက်သွားရောက်ကာ စစ်ပညာတွေ သင်ကြားခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောဟာ ဒီကနေ့ အသက် ၉၂ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

RFA

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်၊ အသက် ၉၂ နှစ် ပြည့် မွေးနေ့တွင် တွေ့ရသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော။

လက်ရှိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းခေါ် ခွန်းမင်မြို့မှာ နေထိုင်နေတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက မြန်မာပြည်သူလူထုကို နှုတ်ခွန်း ဆက်သလိုက်ပါတယ်။

“ကျနော် ဒီနေ့ ၉၂ နှစ် ပြည့်ပါပြီ။ ကျနော် ကျန်းမာပါတယ်။ ပြည်သူတွေအားလုံးလည်း ကျန်းမာကြပါစေလို့ ဆုတောင်းပါတယ်။ ဒီမိုကရေစီလည်း အမြန် ရပါစေ”

ရဲဘော်သုံးကျိပ်ဝင်တွေအနက် လက်ရှိ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့ ဗိုလ်ရဲထွဋ်တို့ နှစ်ဦးသာ သက်ရှိထင်ရှား ရှိပါတော့တယ်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနဲ့ အတူ ခွန်းမင်မြို့မှာ နေထိုင်တဲ့ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော က မိမိတို့ မိသားစုဟာ မြန်မာပြည်ကို ပြန်လိုတဲ့ဆန္ဒ အမြဲရှိကြောင်း၊ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို စောင့်ကြည့်နေကြောင်း ပြောပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့ သူတို့မိသားစုရဲ့ ခံယူချက်အပြင် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါက်တာလှကျော်ဇောကို RFA ဦးခင်မောင်စိုး ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Categories: News

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးတော့မယ်

December 5, 2011 Leave a comment

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို နောက်ခံထားပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ကို ရုပ်ရှင်အဖြစ် ရိုက်ကူးနိုင်ဖို့အတွက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ရုပ်ရှင်နယ်ပယ်က ထင်ရှားတဲ့ ဒါရိုက်တာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေကို နေအိမ်မှာ ဖိတ်ခေါ်ပြီး ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

AFP

မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို လန်ဒန်မြို့တွင် တွေ့မြင်ရစဉ် မှတ်တမ်းပုံဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးရာမှာ အနုပညာမြောက်ပြီး နိုင်ငံတကာ အဆင့်အတန်းမီတဲ့ ရုပ်ရှင်ကားတကား ဖြစ်ဖို့ လိုလားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲ စတင်ချိန်မှာ ပြောကြားခဲ့ပါတယ်။

“ကျမတို့ရဲ့ လွတ်လပ်ရေးသမိုင်းကို သရုပ်ဖော်တဲ့ ရုပ်ရှင်တခု ဖြစ်စေချင်တယ်။ ကျမတို့နိုင်ငံအတွက် သမိုင်းမှာ တကယ့်ကို အနုပညာအရရော သမိုင်းအရရော မှတ်တမ်းတင်လောက်တဲ့၊ အနုပညာမြောက်တဲ့ အလုပ်တခု ဖြစ်စေချင်တယ်။ တခါမှ မြန်မာနိုင်ငံမှာ ဒီလောက်အထိ မြောက်တဲ့ဟာ မဖြစ်ဖူးသလို၊ နောက်ဆုံးမဟုတ်ဘူး ပထမဦးဆုံး၊ နောက်လည်း အများကြီးလာမယ်။ တခါမှ ဒီလောက်တောင် သမိုင်းကို တိတိကျကျ အခြေခံတဲ့ ဟာမျိုး မရှိသေးဘူးဆိုတာ ဖြစ်စေချင်တယ်။ ဆိုတော့ အဲဒါကို အားလုံးဝိုင်း ကူညီမှဖြစ်မယ်။ ပြောရမယ်ဆိုရင် ဒီလို ရုပ်ရှင်အတွက် သုံးနှစ်ဆိုတာ အင်မတန်နည်းတယ်ဆိုတာ ကျမ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ ၂ဝ၁၅ ကလည်း ဖေဖေ့ရဲ့ နှစ်တရာ ပြည့်နှစ်ဆိုတော့ အဲဒီအချိန်မှာ ထုတ်နိုင်ချင်တယ်”

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ်ရှင် ရိုက်ကူးနိုင်ဖို့ သုတေသန ကော်မီတီတရပ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ် ဦးဆောင် ဖွဲ့စည်းခဲ့ပြီး ဝါရင့် ဒါရိုက်တာကြီးတွေ ဖြစ်ကြတဲ့ မောင်မိုးသူ၊ စံရွှေမောင် (ခေါ်) ဦးအောင်လွင်နဲ့ ကိုဇာဂနာ၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဦးဇင်ဝိုင်း စသူတွေ ပါဝင်ပြီး လိုအပ်မယ့် ကုန်ကျငွေအတွက် ရုပ်ရှင်လောကသားတွေက ဝိုင်းဝန်း ရှာဖွေပေးမယ်လို့ ကတိပေးကြကြောင်း သိရပါတယ်။

ဒီဇာတ်ကားကို လာမယ့် ၃ နှစ်အတွင်း အပြီး ရိုက်ကူးမှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အနှစ် ၁ ရာပြည့် မွေးနေ့ဖြစ်တဲ့ ၂ဝ၁၅ ခုနှစ်မှာ ရုံတင်ပြသနိုင်အောင် စီစဉ်ကြမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ ရုပ်ရှင်ဒါရိုက်တာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူ စုစုပေါင်း လူ ၁ ရာကျော် တက်ရောက်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထား ပါတယ်။

 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Categories: News

မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲမှု တချို့ လုပ်လာတာကို အားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံအနှံ့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို အမေရိကန်ဒေါ်လာ ၁.၂ သန်း ကူညီပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားပါတယ်။

December 5, 2011 Leave a comment

နိုင်ငံအနှံ့ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေဒေသမှာ အသေးစား ငွေချေးလုပ်ငန်းတွေ၊ အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ကျန်းမာရေး စောင့်ရှောက်မှုတွေ အတွက် လူမှု အဖွဲ့အစည်းတွေကို အကူအညီတွေ ပေးသွားချင်ကြောင်း၊ ဒါ့အပြင် အာဆီယံတို့ East-West ဌာနတို့နဲ့ ပူးပေါင်းပြီး အင်္ဂလိပ်စာ သင်ကြားသူတွေ အချင်းချင်း အတွေ့အကြုံ ဖလှယ်မှု လုပ်ငန်းတွေလည်း မြန်မာနိုင်ငံနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်း စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့သူတွေ၊ အထူးသဖြင့် မြေမြှုပ်မိုင်းဒဏ် ခံရတဲ့သူတွေ အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း အကူအညီပေးမှာ ဖြစ်ပြီး အမေရိကန် တက္ကသိုလ်နဲ့ အဖွဲ့အစည်းတွေ ကိုလည်း ကျန်းမာရေးနဲ့ တခြား ဘာသာရပ်တွေမှာ မြန်မာနိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ တွန်းအားပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့တင်ပြချက်နဲ့ အခက်အခဲတွေကို နားထောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Categories: News

လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ မေတ္တာရပ်ခံ

December 5, 2011 Leave a comment

ပြည်တွင်းစစ်နဲ့ ဆင်းရဲမွဲတေမှု ပြဿနာ ကြုံတွေ့နေကြရတဲ့ တိုင်းရင်းသား ဒေသတွေကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကို တိုင်းရင်းသား ပါတီတွေက မနေ့က မေတ္တာရပ်ခံခဲ့ပါတယ်။

AFP

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသား လူမှု အကူအညီပေးရေး အဖွဲ့အစည်းတွေက ကိုယ်စားလှယ်များ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ဗိဿနိုး အနုပညာခန်းမမှာ တွေ့ဆုံကြစဉ်။

ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း ဗိဿနိုး အနုပညာခန်းမမှာ မနေ့ မနက်ပိုင်း ၁၁ နာရီလောက်က တိုင်းရင်းသား ပါတီတွေနဲ့ တိုင်းရင်းသား လူမှု အကူအညီပေးရေး အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံစဉ်မှာ အဲဒီလို မေတ္တာရပ်ခံခဲ့ပါတယ်။

တိုင်းရင်းသားတွေကို ဘေးဖယ်ထားကြကြောင်း၊ တိုင်းရင်းသားတွေ ဆင်းရဲနွမ်းပါး ခေတ်နောက်ကျကြကြောင်း၊ လူ့အခွင့်အရေး အချိုးအဖောက် ခံနေရကြောင်း၊ ဒါကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာက အကူအညီပေးဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ တွေ့ဆုံတဲ့အထဲမှာ ပါဝင်သူ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောပြပါတယ်။

အဲဒီလို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့ကြတဲ့ အထဲမှာ ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီတွေ ဖြစ်ကြတဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ကရင် ပြည်သူ့ပါတီ၊ ချင်း တိုးတက်ရေး ပါတီ၊ ရှမ်းကျားဖြူ ပါတီတို့နဲ့ အတူ ၁၉၉၀ ရွေးကောက်ပွဲဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

တွေဆုံကြရာမှာ ပါဝင်ကြတဲ့ တိုင်းရင်းသား လူမှု အကူအညီပေးရေး အဖွဲ့အစည်းတွေ ကလည်း မိမိတို့ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်နေကြတဲ့ အကြောင်းကို အထောက်အထားတွေနဲ့ ရှင်းပြတယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နဲ့ အတူ အာရှ ပစိဖိတ် ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbel နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် Derek Mitchell တို့လည်း အဲဒီ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Categories: News

ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဘန်ကီးမွန်း တိုက်တွန်း

October 15, 2011 Leave a comment

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ကို လွှတ်ပေးခဲ့တာကို ကြိုဆိုလိုက်ပြီး အကျဉ်းထောင်တွေထဲမှာ ကျန်နေဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကိုပါ အမြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက တောင်းဆိုလိုက်ပါတယ်။

(Photo: AFP)

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော ၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပတွင် အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲ) တက်ရောက်နေပုံ ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နောက်တွင် မြင်ရပါသည်။ (Photo: AFP)

 

အကျဉ်းသား လွှတ်ပေးတာကို ကြိုဆိုကြောင်း၊ ဒါပေမယ့် ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် အနည်း ငယ်သာ ပါရှိကြောင်း၊ မြန်မာအစိုးရ အနေနဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ နိုင်ငံရေးအကျဉ်းသား အားလုံး ကို အစောဆုံး ပြန်လွှတ်ပေးနိုင်ဖို့ လုပ်ငန်းစဉ်ဖြစ်ပါစေလို့ မျှော်လင့်ကြောင်း မစ္စတာဘန်ကီးမွန်းက မနေ့က ကြာသပတေးက ထုတ်ပြန်တဲ့ ကြေငြာချက်ကို ကိုးကားပြီး ကုလသမဂ္ဂသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ ပြောခွင့်ရသူ Mr. Martin Nesirky ကပြောပါတယ်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ အကြား ဆက်လက် ဆွေးနွေးနေတာ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းနေတာတွေနဲ့ ပတ်သက်လို့ အသိမှတ်ပြု ကြိုဆိုကြောင်း၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေး၊ နောက်ကြောင်း မလှည့်နိုင်မယ့် နိုင်ငံရေး ပြောင်းလဲမှုဖြစ်ပေါ်လာရေးနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိတ်ခေါ်ချက် အခက်အခဲတွေ ဖြေရှင်းနိုင်ရေး အတွက် လက်ရှိ ဆောင်ရွက်ချက်တွေကို နှစ်ဆတိုး ဆောင်ရွက်စေလိုကြောင်းလည်း မစ္စတာဘန်ကီမွန်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Categories: News

ဦးတင်ဦး ပြောဆိုချက် ရိုဟင်ဂျာခေါင်းဆောင် ကန့်ကွက်

October 15, 2011 Leave a comment

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးရဲ့ ဘဝဖြတ်သန်းမှု တွေကို အပတ်စဉ် တနင်္လာနေ့တိုင်း RFA ကတင်ပြနေတဲ့ “ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီး တယောက်” အစီအစဉ်မှာ ရခိုင်ပြည်နယ်ကို သူပြောင်းရွှေ့ရောက်ရှိသွားခဲ့စဉ်က အတွေ့အကြုံတွေကို အောက်တိုဘာ ၃ ရက်နေ့က တင်ပြခဲ့ရာမှာ ပြောကြားချက်တချို့ကို (BRANA) ခေါ် မြောက်အမေရိကဆိုင်ရာ မြန်မာရိုဟင်ဂျာ အစည်းအရုံးက ကန့်ကွက်ခဲ့ပါတယ်။

RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ဌာနချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။(Photo: RFA)

 

လွတ်လပ်တဲ့အာရှအသံ ရုံးချုပ်ကို ဒီကိစ္စအတွက် လာရောက်ခဲ့တဲ့ BRANA ရိုဟင်ဂျာ အစည်းအရုံး ဥက္ကဌ ဒေါက်တာ ဝါကာအူဒင်း ကို ဦးတင်ဦး ရဲ့ “ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီး တယောက်” အစီအစဉ် တာဝန်ယူ တင်ဆက်သူ ဦးခင်မောင်စိုး က စတူဒီယို အမှတ် ၁၁ မှာ တွေ့ဆုံမေးမြန်း ခဲ့တာကို နားဆင်ပါ။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Categories: News

အလုပ်သမားတွေ သပိတ်မှောက်ခွင့် ဥပဒေ ပြဌာန်း

October 15, 2011 Leave a comment

အလုပ်သမားတွေ အဖွဲ့အစည်းဖွဲ့ခွင့်နဲ့ သပိတ်မှောက်ခွင့်ပါတဲ့ ဥပဒေတစ်ရပ်ကို ပြည်ထောင်စု သမ္မတ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး အောက်တိုဘာ ၁၁ ရက်နေ့က ပြဌာန်းလိုက်ပါတယ်။

(Photo: AFP)

ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

 

ဒီ အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ The Trade Unions Act 1926 ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂ အက်ဥပဒေကို ဖျက်သိမ်းလိုက်တယ်လို့လည်း ဖော်ပြပါတယ်။ 

အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ဖို့၊ အလုပ်သမား အချင်းချင်းကြား၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ဆက်ဆံရေး ကောင်းမွန်စေဖို့နဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို စနစ်တကျ လွတ်လွတ်လပ်လပ် ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု လွှတ်တော်ကနေ ဒီဥပဒေကို ပြဌာန်းလိုက်တာလို့ ဆိုထားပါတယ်။ 

ဒါဟာ နိုင်ငံတကာမှာ ဖွဲ့စည်းတဲ့ အလုပ်သမား သမဂ္ဂပုံစံမျိုး မဟုတ်ဘဲ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် လက်ထက်က ဖွဲ့စည်းခဲ့တဲ့ အလုပ်သမား အစည်းအရုံးနဲ့ ဆင်တူတယ်လို့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က ရှုမြင်ပါတယ်။ 

“ကြည့်ရတာကတော့ အရင် မဆလခေတ်က အခြေခံ အလုပ်သမား အစည်းအရုံး ပုံစံမျိုးပါပဲ။ မြို့နယ် ခရိုင် တိုင်း ဗဟို ဆိုပြီးတော့ ဖော်ပြထားတယ်။ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် ရမယ်ဆိုတဲ့ အနေအထားမျိုး မရှိဘူး။ မှတ်ပုံတင်ဖို့ဆိုတာ ပါနေတယ်။ အလုပ်သမားထုကို ကိုယ်စားပြုတဲ့ အစည်းအရုံးလို့တော့ ကျနော်တို့ မသုံးသပ်မိဘူး” 

အခန်း ၁၄ ခန်းပါရှိတဲ့ ဒီ ဥပဒေ အခန်း (၁) အပိုဒ် (ဆ) မှာ သတ်မှတ်ချက်တွေနဲ့တကွ ဖော်ပြထားတဲ့ သပိတ်မှောက်ခြင်း ဆိုတဲ့ စကားရပ်ပါရှိပြီး အခန်း (၃) မှာ အလုပ်သမား အဖွဲ့အစည်း မှတ်ပုံတင်ရမယ့် စည်းကမ်းချက်တွေကို ဖော်ပြထားပါတယ်။ နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်တဲ့ မှတ်ပုံတင် အရာရှိချုပ်က မြို့နယ် မှတ်ပုံတင် အရာရှိကို တာဝန်ပေးအပ်ရမယ်လို့ ပါရှိပါတယ်။ 

ဒီ အခန်း (၃) အပိုဒ် (၁၀ ) မှာ သက်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းဟာ မိမိ အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေ ဖြစ်ပြီး ဒီ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ မဆန့်ကျင်စေဘဲ ဒီဥပဒေက သတ်မှတ် ထားတဲ့ အချက်တွေပါဝင်တဲ့ အလုပ်သမား အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေကို အဖွဲ့အစည်းဝင် အများစုရဲ့ သဘောတူညီချက်နဲ့ ရေးဆွဲရမယ်လို့လည်း ပါရှိပါတယ်။ 

ဒီကန့်သတ်ချက် တွေကြောင့် ပုဂ္ဂလိကတွေ အနေနဲ့ အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရမယ့် အခွင့်အလမ်း နည်းပါးတယ်လို့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က သုံးသပ်ပါတယ်။ 

“ပုဂ္ဂလိက အနေနဲ့ကတော့ အလုပ်သမား အစည်းအရုံး ဖွဲ့လို့ရမှာ မဟုတ်ဘူး။ အလုပ်သမားထုရဲ့ အကျိုးစီးပွားကို လက်တွေ့ ဆောင်ရွက်နေတဲ့ စမ်းချောင်းက ကိုသက်ဝေ ခေါ် ကိုပေါက်စတို့ သင်္ကန်းကျွန်းက ဒေါ်အေးရင်သန်းတို့ စတဲ့ သူတွေက လုပ်ကိုင်ခွင့် ရမယ် မထင်ဘူး။ မှတ်ပုံတင်တာ လိုင်စင်လျှောက်ရမယ့် အနေအထား ရှိတယ်” 

ဒီ ဥပဒေမှာ တားမြစ်ချက်နဲ့ ဒီ တားမြစ်ချက်တွေကို ဖောက်ဖျက်ရင် ပြစ်ဒဏ် ချမှတ်နိုင်တဲ့ အကြောင်းကိုလည်း ပြဌာန်းထားပါတယ်။

Categories: News

မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေး ပိတ်ဆို့မှုဆက်ထားဖို့ FTUB တောင်းဆို

October 15, 2011 Leave a comment

အောက်တာဘာလ ၁၂ရက်နေ့က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB အဖွဲ့ဝင်တွေ ပါဝင်တဲ့ အတွက် ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သလို လွတ်မြောက်လာခြင်း မရှိသေးတဲ့ အဖွဲ့ဝင်၁၈ဦးကိုလည်း ပြန်လွှတ်ပေးဖို့ FTUB ဒီကနေ့ တောင်းဆိုလိုက် ပါတယ်။

Photo Courtesy of Conference Organizers

နိုင်ငံတကာ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ညီလာခံကို အမေရိကန် ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ် ဖို့ဝိန်းမြို့ရှိ အင်ဒီယာနာ တက္ကသိုလ်-ပါဒူးတက္ကသိုလ်မှာ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ကျင်းပခဲ့ရာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် (အလယ်) တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo Courtesy of Conference Organizers)

 

တစ်ဆက်တည်းမှာပဲ အခုလို အကျဉ်းသားများ ပြန်လွှတ်ဖို့ ပြောဆိုကြတဲ့ အပြည်အပြည်ဆိုင်ရာ အဖွဲ့ အစည်းတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဖော်ပြထားသလို ဖမ်းဆီးထိန်းသိမ်းထားစဉ် ကွယ်လွန်ခဲ့ရသူ ဦးအောင်မြင့်သိန်းနဲ့ ပတ်သက်ပြီး အပြည်အပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO နဲ့ ITUC တို့ က စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အတွက်လည်း မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။ 

ခုလို အစိုးရက အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ၊ လွတ်လပ်တဲ့ သင်းပင်းဖွဲ့စည်းခွင့် ပေးလိုက်တာနဲ့ ပတ်သက်ပြီး FTUB အတွင်းရေးမှူး ဦးမောင်မောင်က အခုလို ပြောပါတယ်။ 

“လာမယ့် နိုဝင်ဘာမှာ ILO က လုပ်မယ့် အစည်းအဝေးမှာ အကယ်၍များ မြန်မာပြည်မှာ လွတ်လပ်တဲ့ အသင်းအပင်းတွေ ဖွဲ့ခွင့် မပေးဘူးဆိုရင် ILO အတွင်းမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ကိစ္စ ရှိတယ်။ ဒါကို ရှောင်ရှားတဲ့ အနေနဲ့ ကျနော့် ရဲဘော်တွေ လွှတ်လာလည်း ဖြစ်တယ်။ ILO အတွင်းမှာ စုံစမ်းစစ်ဆေး အရေးယူမယ် ဆိုတဲ့ ကိစ္စ ရှိနေတဲ့ အတွက်လည်း လွတ်လပ်တဲ့ အသင်းအပင်းတွေ ဖွဲ့ခွင့် ပေးတာ ဖြစ်တယ်လို့ ကျနော် ထင်တယ်” 

FTUB ရဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ မြင်တွေ့နေရပေမယ့် မူးယစ်ဆေးဝါးငွေတွေ၊ ငွေဖြူခဝါချမှုတွေ ကတော့ အခုအချိန်အထိ ထိန်းသိမ်းနိုင်တဲ့ အနေအထားကို မမြင်ရသေးသလို စစ်လက်နက် ထုတ်လုပ်မှုတွေ လုပ်နေတာလည်း ရှိနေကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ တားဆီး ပိတ်ပင်မှုတွေ အပြည်ပြည်ဆိုင်ရာက ဆက်ပြီးလုပ်ဆောင်ဖို့ လိုတယ်လို့ ဖော်ပြထား ပါတယ်။

Categories: News
Follow

Get every new post delivered to your Inbox.